ဘက်စုံသုံးဖို့ Defined Tab

တူလေး ရေးသားသည်။

ကျောင်းသားပဲ ဖြစ်စေ၊ အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်စေ အင်္ဂလိပ်စာနဲ့ ပတ်သက်လာရင် အဘိဓာန်ကတော့ လိုစမြဲပါ။  နည်းပညာနယ်ပယ်မှာ အဘိဓာန်ကို မိုဘိုင်းဖုန်းထဲ ထည့်လို့ ပဲဖြစ်ဖြစ်၊ အီလက်ထရောနစ် ပစ္စည်းအနေနဲ့ ပူးတွဲပြီး ပဲဖြစ်ဖြစ် အမျိုးမျိုး ထုတ်လုပ်လာကြပါတယ်။

ဒီလို ထုတ်လုပ်လာတဲ့ အထဲမှာ ထူးထူးခြားခြား သတိထားမိတဲ့ ကတော့ Technomation က ထုတ်လုပ်တဲ့ Defined tab ပါ။  အရင်ဆုံး Technomation နဲ့ မိတ်ဆက်ပေးရမယ် ဆိုရင် မြန်မာနိုင်ငံမှာ နည်းပညာသစ် တွေကို အမြဲ စွန့်ဦး တီထွင်နေတဲ့ ကုမ္ပဏီလို့ အတိုချုံး ပြောပြလို့ ရမယ် ထင်ပါတယ်။ Technomation ကပဲ မကြာ သေးခင်က မော်တော်ယာဉ်တွေမှာ အသုံးပြုဖို့ GPS – PolarStar ကို ထုတ်လုပ်ထားခဲ့ပါသေးတယ်။

အခုလည်း product အသစ်ဖြစ်တဲ့ Defined tab ကို ထုတ်လုပ်ထားတယ်လို့ သတင်းရတာကြောင့် ကိုယ်တိုင် သွားရောက် စမ်းသပ်ရင်း Technomation ရဲ့ CEO ကိုထူးမြင့်နောင်နဲ့ စကားပြောဖြစ်ခဲ့ ကြပါတယ်။  အသစ် ထုတ်လုပ် ထားတဲ့ Defined tab ကတော့ screen အရွယ်အစား ၃ ဒဿမ ၈ လက်မ အကျယ် ၊ ၂ ဒဿမ ၃ လက်မ အမြင့် ရှိတဲ့ high resolution touch screen သုံး touch screen device တစ်ခုပါ။  အဓိက လုပ်ဆောင်ချက်ကတော့ dictionary ဖြစ်ပါတယ်။  dictionary မှာ စာအုပ် အနေနဲ့လည်း အထူး ပြည့်စုံတဲ့ ပညာရေးဝန်ကြီးဌာန ၊ မြန်မာစာ အဖွဲ့ ဦးစီး ဌာနက ထုတ်လုပ် ထားတဲ့ အင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် အဘိဓာန် ၂ အုပ်ကို အဓိကထား ထည့်သွင်း ထားပြီး တရားဝင် လိုင်စင်နဲ့ ထည့်သွင်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။  ဒါ့အပြင် English – English အတွက်ကိုတော့ နိုင်ငံတကာမှာ နာမည်ကျော်ကြားတဲ့ Oxford Advanced Learners, Merriam – Webster, Longman Contemporary အဘိဓာန် ၃ မျိုးကို အပိုဆောင်း ထည့်သွင်းပေးထားပါတယ်။

ကျွန်တော်ကိုယ်တိုင် စမ်းသပ် အသုံးပြုကြည့်တဲ့ အခါ touch ဟာ scroll လုပ်ဖို့ အတွက် ပွတ်ဆွဲတဲ့ နေရာမျိုးမှာ အတော်ကို တုံ့ပြန်မှုကောင်းတာ တွေ့ရပါတယ်။  ရှာချင်တဲ့ စာလုံးတွေအတွက် input ကို onscreen keyboard ကနေ တဆင့် အသုံးပြုရပါတယ်။  ဒီနေရာမှာလည်း အတော်အသင့်ကောင်းမွန်မှုရှိပြီး iPhone တွေမှာလို တို့ထိ ရုံနဲ့ အလုပ် မလုပ်နိုင် ပေမဲ့ အလွန်တရာ ဖိရတာမျိုး မဟုတ်တာကြောင့် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။  လိုချင်တဲ့ စာလုံးကို ရှာတဲ့ အခါမှာလည်း မြန်ဆန်ပါတယ်။  အထူးသဖြင့် English – Myanmar မှာ အတော်ကို စိတ်ကျေနပ်မှု ရှိအောင် စွမ်းဆောင် နိုင်ပါတယ်။  အသံကိုလည်း built-in speaker ကနေ ထုတ်ပေးနိုင်တာကြောင့် dictionary တစ်ခု အတွက် လိုအပ်ချက်တွေ ပြည့်စုံပါတယ်။   Myanmar – English ရှာဖို့အတွက် စာလုံး input လုပ်တဲ့ နေရာ မှာ အစ ဗျည်းအက္ခရာတွေကိုပဲ ထည့်သွင်းပြီး ရှာပေးရပါတယ်။  ဥပမာ – တိုင်းပြည် ဆိုတဲ့ စာလုံးကို ထည့်သွင်းမယ်ဆိုရင် “တပ” လို့ပဲ ရိုက်ထည့်ပြီး ကျလာတဲ့ list ထဲကနေ ရွေးခြယ်ပေးရမှာပါ။  အနည်းငယ်တော့ နှောင့်နှေးမှုရှိပေမဲ့ စာအုပ်မှာ ရှာရတာနဲ့ နှိုင်းယှဉ်ရင်တော့ အချိန် အလွန်ပဲ သက်သာ လှပါတယ်။

ထူးခြားချက် အနေနဲ့ Defined Tab မှာ GPS ပါဝင်တာပါ။  မြေပုံတွေကို အလိုအလျောက် update မလုပ်နိုင်ပေမဲ့ ကုမ္ပဏီ နဲ့ အသိအမှတ်ပြုထားတဲ့ ဆိုင်တွေမှာ သွားရောက် update လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။  ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် မြို့တွေရဲ့ မြေပုံတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  GPS ကအလိုအလျောက် location ကို ရှာပေးမှာ ဖြစ်တာကြောင့် ရောက်ရှိနေတဲ့ နေရာကို အလိုအလျောက် ပြပေးပြီး အနီးတဝိုက်မှာ ရှိတဲ့ စားသောက်ဆိုင်၊ ဟိုတယ် စတာတွေကို လမ်းနာမည်တွေနဲ့တကွ အလွယ်တကူ ပြပေးနိုင်တဲ့ device ပါ။

အခြားလုပ်ဆောင်ချက်တွေ အနေနဲ့ MP4 player လို အသုံးပြုနိုင်ပြီး ၊ ဗီဒီယို ဖိုင်မျိုးစုံကို ကြည့်ရှုနိုင်သလို Sudoku လို ဂိမ်းတွေလည်း ဆော့ကစား နိုင်ပါသေးတယ်။  ဈေးနှုန်း ကျပ် ၉၅,၀၀၀ ဝန်းကျင် ဖြစ်ပြီး Technomation – 09 731 61082 ၊ 09 505 4013 မှာ စုံစမ်း ဝယ်ယူ နိုင် ပါတယ်။

update

1 Feb 2012 မှာပြုလုပ်တဲ့ product launching ပွဲမှာ ပြောကြား အသိပေးချက် အရ ဈေးနှုန်း ၇၅,၀၀၀ ကျပ်နဲ့ စိန်ဂေဟာစူပါ စင်တာ နဲ့ ကွန်ပျူတာ ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်ပြီ လို့ သိရပါတယ်။

Tags:

Comments are closed.