မျှော်လင့်ချက်တွေနဲ့ ၂၀၁၂
အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောင်းလဲ တိုးတက်လို့ လာနေတဲ့ နည်းပညာဟာ ၂၀၁၂ မှာ ရှေးယခင်ထက် ပိုမို မြန်ဆန်စွာ တိုးတက်လို့ လာမယ်ဆိုတာ မှန်းဆ လို့ရတဲ့ ကိစ္စ တစ်ခုပါ။ မြန်ဆန်စွာ တိုးတက်ခြင်း နဲ့ အတူ ဆန်းပြားတဲ့ တီထွင်မှု တွေလည်း ပါဝင်လာမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းမှု တချို့ကို ရေးသားလိုက်ရပါတယ်။

တရှိန်ထိုး ထိုးဖောက်လာမဲ့ tablet ဈေးကွက်
၂၀၁၁ ခုနှစ်ကစလို့ အသုံးပြုသူတွေရဲ့ လက်ထဲကို ရောက်ရှိလာတဲ့ tablet တွေဟာ ၂၀၁၂ ခုနှစ်မှာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာမယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ နောက်ဆုံး နေ့ရက်တွေမှာ ၁ ဒဿမ ၂ ဘီလီယံအထိ download ဆွဲယူ ခံရတဲ့ app တွေကလည်း ရှိနေပြန်တာကြောင့် tablet တွေရဲ့ ဆန်းသစ်မှုဟာ ဘယ်တော့မှာ ရိုးအီ သွားမဲ့ အလားအလာမှာ မရှိပါဘူး။ ပါဝင်တဲ့ OS ပိုင်းမှာတော့ Apple ရဲ့ iOS နဲ့ Google ရဲ့ Android တို့ရဲ့ အားပြိုင်မှု က ပို၍ ပို၍ ကြီးထွားလာဖို့ရှိပြီး ပစ္စည်းပိုင်းမှာတော့ Apple ရဲ့ iPad ကပဲ အသာစီးရနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ တကယ်လို့သာ Android OS သုံး tablet တွေထဲက Amazon Fire လိုဈေး တော်တော် ကို သက်သက်သာသာ နဲ့ ကောင်းမွန် တဲ့ အမျိုးအစားမျိုး ထွက်ရှိလာမှသာ 2012 မှာ Apple ရဲ့ iPad ကို ယှဉ်ပြိုင်နိုင်မယ်လို့ tablet ဈေးကွက် ကို ခန့်မှန်း ရပါတယ်။
Trend အသစ်ဖြစ်လာမဲ့ laptop
Tablet တွေဟာ သာမန် laptop တွေနဲ့ ပြုလုပ်နိုင်တဲ့ Internet, Email တွေလို လုပ်ဆောင်ချက်တွေကို ဆောင်ရွက် လာနိုင်တာကြောင့် ဈေးကွက်မှာ laptop တွေ အနေနဲ့ နေရာရဖို့တော့ အနည်းငယ် ခက်ခဲဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ultrabook လို့ ခေါ်တဲ့ အလွန်ပါးလွှပြီး စွမ်းဆောင်ရည်မြင့် laptop တွေကို ကုမ္ပဏီ ပေါင်းစုံက အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ ကြံစည် နေကြတာ ကြောင့် ၂၀၁၂ ဟာ ultrabook တွေရဲ့ နှစ်လည်း ဖြစ်သွား နိုင်ပါတယ်။ တဖက်မှာ လည်း cloud ကို အသုံးပြုတဲ့ Google Chromebook လို laptop တွေက တော့ လူကြိုက်နည်းသွားမဲ့ သဘော ရှိပါတယ်။
ဆက်လက်ပြိုင်ဆိုင်ဦးမဲ့ Smart Phone ဈေးကွက်
Smart Phone ဈေးကွက်မှာတော့ Open Source ဖြစ်တဲ့ Android သုံးတဲ့ Smart Phone တွေက ပိုပိုပြီး များလာမှာ တော့ အမှန်ပါ။ ပြိုင်ဆိုင်မှုမှာတော့ အရင်လို တဖက်သတ်မဟုတ်တော့ပဲ iPhone နဲ့ Android ဖုန်း တွေရဲ့ လူကြိုက်များမှုက ညီတူမျှတူ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ တဖက်မှာလည်း Google က Motorola ကုမ္ပဏီကို ဝယ်ယူထားတာကြောင့် Google ရဲ့ ဆန်းပြားတဲ့ ဘယ်လို Smart Phone မျိုးကို တွေ့ရမလဲ ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီလိုပါပဲ Apple ကလည်း သူ့ရဲ့ မူပိုင်ခွင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုပြီး တစ်ခု အသုံးပြုပြီး ပြိုင်ဖက်တွေကို ဘယ်နေရာဒေသမှာ ရောင်းချ ရနိုင်ခွင့် မရအောင် ဘယ်လို ပိတ်ဆို့ဦးမလဲ ဆိုတာ ကလည်း တရားရေး ဆိုင်ရာ ဖက်က စိတ်ဝင်စားစရာ တစ်ခုဖြစ်လို့ နေပါတယ်။
အလုံးအထည်သေးတာတွေ ခေတ်စားလာဖို့ရှိတဲ့ ကင်မရာ
ကင်မရာလောကမှာတော့ DSLR ကို ဝိတ်လျော့ထားပြီး point and shoot ထက်လည်း စွမ်းဆောင်ရည် မြင့်မားတဲ့ micro four third ကင်မရာတွေ အပြိုင်အဆိုင်ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ DSLR ပိုင်းမှာတော့ pro အစစ်တွေ အတွက် ဈေးနှုန်းမြင့်မားတဲ့ အမျိုးအစား တွေကိုပိုပြီး တွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိ အချိန်မှာတော့ micro four third တွေရဲ့ ဈေးနှုန်းက မြင့်မားနေဆဲပါ။ ၂၀၁၂ ကတော့ ဒီဈေးနှုန်းတွေကို ဖြုတ်ချ နိုင်မယ်လို့ မျှော်လင့် ရပါတယ်။ Social Network တွေမှာ share တာလည်း ခေတ်စား လာတာကြောင့် wifi ပါတဲ့ ကင်မရာတွေ ပိုပြီး တွေ့ရမယ် လို့ ခန့်မှန်းရင်း ၂၀၁၂ ခုနှစ်ကို မျှော်လင့်ချက် အမျိုးမျိုးနဲ့ ကြိုဆိုလိုက်ရပါတယ်။
Happy New Year !!



