ဆောင်းပါးများ ရေးသားနေတဲ့ တူလေးဟာ အပတ်စဉ်ထုတ် Myanmar Post ဂျာနယ်ရဲ့ နည်းပညာ ကဏ္ဍ မှာ ပုံမှန် ရေးသားနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။  Myanmar Post ဂျာနယ် မှာ ဖေါ်ပြခံထားရပြီးတဲ့ ဆောင်းပါးတွေကိုသာမက ကြားသိရသမျှ နည်းပညာ သတင်းတွေနဲ့ အခြားသော လမ်းညွန်များကို လက်လှမ်းမှီသလောက် တင်ပြပေးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။  ကျွန်တော်ကို အားလုံး ခင်ခင်မင်မင် ပြန်လည် comment ရေးသားနိုင်ပါတယ်ခင်ဗျာ။  comment ရေးသားရာမှာ spam များရဲ့ ရန်ကို ကာကွယ်တဲ့ အနေနဲ့ ကျွန်တော်က approve လုပ်ပေးမှ comment ပေါ်တဲ့ စနစ်ကို အသုံးပြုထားတာကြောင့် comment များ ချက်ချင်း မပေါ်နိုင်ခြင်းကို နားလည်ပေးစေလိုပါတယ်။  ကျွန်တော်ရဲ့ ဆောင်းပါးများကို အကြံပေးချင်ရင် Contact Page မှ ဆက်သွယ်ပေးနိုင်ပါတယ်။  ကျွန်တော်ရဲ့ website ကို ၀င်ရောက် လည်ပတ်တဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။  အမြဲတမ်း update ပြုလုပ်ပေးသွားမှာ ဖြစ်တာကြောင့် အမြဲ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။  :D

ဘာကြောင့် တူလေး ဖြစ်နေရတာလဲ?

ကျွန်တော့်ကို တွေ့တဲ့သူတွေ၊ သူငယ်ချင်းတွေက ကျွန်တော့်ရဲ့ ကလောင် နာမည်ကို စိတ်ဝင်စားပြီး အဲဒီ မေးခွန်းကို မေးကြပါတယ်။  အခုလည်း သိချင်မယ်လို့ ထင်လို့ ၊ ကျွန်တော် လည်း ပြောပြချင်လို့ ပြောပြပါရစေ။  ကျွန်တော့် ကလောင် နာမည်ကို ကဗျာ ဆန်တယ်လို့ ပြောတဲ့သူတွေရှိသလို၊ အာ… နင်/မင်း ကလည်း ငါတို့က ဘာကြောင့်များလည်းလို့ ပြန်ပြော ကြတဲ့သူတွေ စသဖြင့် အမျိုးမျိုး ရှိပေမဲ့ ကျွန်တော်ကတော့ ဒီနာမည်လေးကို အရမ်းကြိုက်ပါတယ်။  ဖြစ်ပုံက ဒီလိုဗျ . .

ကျွန်တော့်မှာ အရမ်းကို ချစ်ရတဲ့ အန်တီ အဒေါ်ပေါ့ဗျာ တစ်ယောက် ရှိပါတယ်။  ကျွန်တော်ကတော့ အန်တီ အန်တီ နဲ့ အမြဲခေါ်တတ်သလို ကျွန်တော့် ပျော်စရာ စိတ်ညစ်စရာ (စိတ်ညစ် စရာတွေက ပိုများပါတယ်) ရှိတိုင်း ပြောပြတတ်သလို ကျွန်တော့်ကိုလည်း အမြဲ နားလည်ပေးတတ်တဲ့ အန်တီပေါ့။  ကျွန်တော် သွားသွားပြီး နားပူ နာဆာ လုပ်တိုင်းလည်း စိတ်ညစ် ခံ ပေးတတ်ပါတယ်။  ကျွန်တော်က ကျွန်တော့် အန်တီနဲ့ စကားပြောရင် တခါတလေ နောက်နောက်ပြီး ” အန်တီ .. တူလေးကလေ… ” ” တူလေးက ဗျာ အဲလို ခံခဲ့ရတာ” စသဖြင့် ပြောတတ်တာ ကျွန်တော်လည်း သိပ် သတိမထားမိဘူးဗျ။

ဒါနဲ့ တနေ့ ကျွန်တော် The Myanmar Post News Journal မှာ နည်းပညာ ဆောင်းပါးတွေ ရေးရဖို့ ဖြစ်လာ တဲ့ အချိန် ရောက်လာတော့ ကျွန်တော်လည်း ကလောင် စဉ်းစား မရ ဖြစ်လာပါရော။  ပထမဆုံး ရေးရတဲ့ ဆောင်းပါးတွေ ဖြစ်တာနဲ့ ဆောင်းပါးပေးဖို့ ရက်ကလည်း နီးလာ ကလောင်ကလည်း စဉ်းစားမရ ဖြစ်နေတာနဲ့ ထုံးစံအတိုင်း ကျွန်တော့် အန်တီကိုပဲ အပူကပ်ပြီး အန်တီ စဉ်းစားထားဗျာ၊ အန်တီပေးတား ကျွန်တော်ယူမယ်လို့ပြောထားတာ ၁ ရက် ၂ ရက် လောက်ကြာတော့ မနက် စောစောမှာ ကျွန်တော့်ဆီ ဖုန်းလာပြီး “အန်တီ စဉ်းစားထားတယ် တူလေး လို့ ပေးလိုက်” လို့ပြောလာတာနဲ့ ကျွန်တော်လည်း သဘောကျပြီး ပေးဖြစ်သွားတာပါ။

ဘယ်သူတွေ ဘယ်လိုပဲ စဉ်းစား စဉ်းစား၊ ကျွန်တော် ကတော့ အရမ်းကို သဘောကျတဲ့ နာမည်လေးပါ။  ဆောင်းပါး တစ်ပုဒ်ရေးပြီးလို့ တူလေးလို့ အောက်မှာ ထိုးလိုက်တာနဲ့ ကျွန်တော့ အပေါ်မှာ ကျေးဇူးအများကြီးရှိတဲ့ ကျွန်တော့် အန်တီ ကို ဂုဏ်ပြုနေသလို ခံစားရပါတယ်။

ကဲ ဒီလိုနဲ့ပဲ တူလေး ဖြစ်ရပါလေ ရောဗျာ။   :D

တူလေး